ပုဂံ

ကမ္ပဒီပ(ခေါ်) ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်သော်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့်နေရာတစ်ခုဖြစ်သည်။ ပုဂံသည် မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ် ၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်ဘက် မိုင်၉၀ အကွာတွင် တည်ရှိသည်။ ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီး အသွင်မျှသာကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အလွန်ပင်ကျော်ကြားလှပေသည်။